ဒေါ်စုဟာ ပြင်ဆင်မှု မရှိဘဲ နိုင်ငံရေးလောကထဲ ၀င်လာတယ်ဆိုပြီး ပြောတာဟာ
မသိတဲ့လူအဖို့ အဓိပ္ပါယ်ကောက် လွဲနိုင်ပါတယ် ။ သူမြန်မာပြည်ကို ရောက်လာရတဲ့
အဓိက အကြောင်းက ဒေါ်ခင်ကြည်ကို ပြုစုဖို့ ဆိုတာ မငြင်းလိုပါဘူး ။ ဒါပေမယ့်
သူဟာ အဲဒီမတိုင်မီတလျှောက်လုံး မြန်မာ့နိုင်ငံနဲ့ ပတ်သက်ပြီး
လေ့လာဆည်းပူးမှုတွေကို မပြတ်လုပ်ထားတယ် ဆိုတာ အထောက်အထား ရှိပြီးသားဘဲ ၊
သူမ အသက် ၂ နှစ်မှာ ဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက
သိဖို့လည်း တတ်နိုင်သလောက် လေ့လာဆည်းပူးမှုတွေ လုပ်ခဲ့တယ် ။
မြန်မာနိုင်ငံ အကြောင်းနဲ့ ပတ်သက်ပြီး သူစာတမ်းပြုစုလေ့လာ ထားတာတွေ
ရှိခဲ့တယ် ။ မိုက်ကယ်ကိုလည်း မင်္ဂလာပွဲမတိုင်မီကတည်းက ပြတ်ပြတ်သားသား
ပြောပြီးသား ” ကျမ တိုင်းပြည်ကသာ လိုအပ်လာရင် ကျမ သွားရမှာ ဖြစ်တယ် ၊
အဲဒီအခါမှာ ကျမနဲ့ ကျမတိုင်းပြည်ကြားမှာ ရှင် ၀င်ပြီး အတားအဆီး မလုပ်ပါနဲ့”
တဲ့ ။
အဲဒီ လိုအပ်လာမယ့် အချိန်ဆိုတာကို ရည်ရွယ်ပြီး လေ့လာဆည်းပူးမှုတွေ
လုပ်ခဲ့သလို တကယ်ရောက်လာတဲ့အခါမှာလည်း မြန်မာပြည်အတွက် ယောက်ျားကို
မပြောနဲ့ သားသမီးကိုတောင် ခေါက်ထားတဲ့ခဲ့သူပါ ။
အမှန်အတိုင်းပြောရရင် ဟိုးအရင်က သူအကျယ်ချုပ်ကျနေစဉ်ကာလအတွင်းမှာ
အချိန်တွေ ဘယ်လို ကုန်အောင် နေပါလိမ့်လို့ စဉ်းစားမရဘူး ။ တစ်နှစ်ကိစ္စလည်း
မဟုတ်၊ နှစ်နှစ် ကိစ္စလည်း မဟုတ်ဘူးလေ
။
ဒါပေမယ့် အခုတော့ ယုံသွားပြီ…..အဲဒီအချိန်တွေကို သူဟာ တစ်စက်မှ
မဖြုန်းတီးခဲ့ဘူး ။ အကျယ်ချုပ်ရက်များမှာ သူ့ကိုယ်သူ ဘယ်လို
ဖြည့်ဆည်းခဲ့တယ်ဆိုတာ အင်တာဗျူးတွေမှာ သူပြောပြတာက တစွန်းတစ သိနိုင်တယ် ။
အဓိကကတော့ ဥာဏ်ပညာအပြည့်နဲ့ တုန်လှုပ်မှု လုံးဝမရှိဘဲ ပြောတဲ့
နိုင်ငံခြားခရီးစဉ် မိန့်ခွန်းတွေကို လေ့လာရင် ထင်းထင်းလင်းလင်း တွေ့ရတယ် ။
လည်ပေ့ ၊ ပညာတတ်ပေ့ဆိုတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့မှာ အဲလို
ပြောနိုင်ဖို့လိုတဲ့ ပညာနဲ့ မိမိကိုယ်ကို ယုံကြည်မှုဆိုတာ
နည်းနည်းနောနောလား ။ သူဟာ နားထောင်နေတဲ့ လူတွေရဲ့ စိတ်ကို သိတယ် ၊
ဘယ်အခြေအနေမှာ ဘာကို ပြောရမယ်ဆိုတာကို သိတယ် ၊ တကယ်တမ်း သူ လက်တွေ့
ပြောဆိုရတဲ့ အခါမှာ အရင်က သူ့ကို ချီးကျူးထားတဲ့လူတွေဟာ သူ့ကို ပိုပြီး
အားကျလေးစားလာကြတယ် ။ ( တခါတလေလည်း ကြည့်နေရင်းနဲ့
စိုးရိမ်မိတယ်….ဘယ်တော့များ ကွဲမလဲဆိုပြီးတော့လေ ။ ဟုတ်တယ်….တချို့က တကယ့်
နဖူးတွေ့ဒူးတွေ့ ပြောရတဲ့အခါ ချွေးပြန်ရတာနဲ့ ၊ စကားထစ်ရတာနဲ့
…ကဂျိုးကဂျောင်တွေ ဖြစ်တတ်တာ တွေ့ဖူးမှာပေါ့ ၊ သူပြောရတဲ့ နေရာတွေရဲ့
အရှိန်ကိုလည်း ကြည့်ဦး ၊ ကြည့်တဲ့လူ စိတ်မပူဘဲ ခံနိုင်ရိုးလား ၊ ဒါပေမယ့်
သူကတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပုံနဲ့ ပွဲတိုင်းကို အနိုင်ရခဲ့တယ် )
ဒါတွေဟာ သူပြောပြဖူးသလိုဘဲ အကျယ်ချုပ်ကျတဲ့ ရက်တွေမှာလည်း စိတ်ဓါတ်မကျ
ပျင်းမနေခဲ့ဘူးဆိုတာကို ဖော်ပြတယ် ၊ တနေ့တနေ့ကို မနက် ၅ နာရီထပြီး
သူ့အချိန်နဲ့သူ ဒီနေ့တော့ ဘယ်စီးပွားရေး စာအုပ်ကို ဖတ်မယ် ၊ ဒီနေ့တော့
ဘယ်နိုင်ငံရေးစာအုပ်ကို ဖတ်မယ်ဆိုပြီး စည်းကမ်းနဲ့ ကွက်တိ
လုပ်ဆောင်ခဲ့တာတွေရဲ့ အကျိုးလို့ဘဲ မြင်တယ် ။ ကျန်တဲ့ သူ့ရဲ့ ပုဂိုလ်ရေး
စွန့်လွှတ်မှုတွေကတော့ လူတိုင်းသိပြီးသားမို့ ဓါတ်ပြားဟောင်းကို
ပြန်မဖွင့်ချင်တော့ပါဘူးလေ ။ လက်ရှိမှာလည်း အားလုံးကို စွန့်လွှတ်ပြီး
ရေကုန်ရေခန်း ကြိုးစားလုပ်ပေးနေတယ်လို့ ရာနှုန်းပြည့် ယုံကြည်တယ် ။ တခုတော့
ရှိတယ် ….
နိုင်ငံရေးဆိုတာ အသက်အရွယ် ၊ အတွေ့အကြုံကို လိုက်ပြီး သဘာရင့်လာတာ ၊
ရင့်ကျက်လာတာ ၊ အတွေးအခေါ် ပြောင်းလဲလာတာ ၊ လုပ်တတ်ကိုင်တတ်လာတာတွေ ရှိမှာဘဲ
။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒေါ်စုနဲ့ အခု ဒေါ်စုနဲ့ အတွေ့အကြုံချင်း၊
ရင့်ကျက်ပုံချင်း ဘယ်တူနိုင်ပါ့မလဲ ။ ဒါက ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး ။ ဒါဟာ
ရှေ့စကား နောက်စကားမညီဘူးလို့ ဆိုလိုတာမှ မဟုတ်တာဘဲ ။ နိုင်ငံရေး
အပေးအယူသဘောတွေကို အရင်ထက်ပိုနားလည်လာတာလို့ဘဲ မြင်တယ် ။
တို့နိုင်ငံက ရာစုနှစ်တစ်ဝက်လောက် မှိုင်းတိုက်ဖျက်ဆီးခံလာရတဲ့
နိုင်ငံဆိုတာနဲ့ လက်ရှိမှာကို အာဏာရှင်စနစ်လုံးဝ ပျက်သုန်းသွားသေးတာ
မဟုတ်ဘူး ၊ နောက်ပြန်ဆွဲချင်သူတွေ တပုံကြီးကို ရှိနေသေးတယ် ဆို မေ့ထားလို့
မရဘူး ။ ထစ်ခနဲဆို ဒေါ်စုကို ( အပြုသဘော ဝေဖန်တာ မဟုတ်ဘဲ ) မဖြစ်ရကောင်းလား
ဆိုသူတွေ ၊ မလုပ်ရကောင်းလား ဆိုသူတွေကလည်း ဒုနဲ့ဒေး ။ ပြီးရင် သူပြောတဲ့
စကားတွေကို လိုသလို ဖျက်ပြီး ၀ါဒဖြန်တဲ့လူတွေကလည်း တောင်ပုံယာပုံ ၊ အဲဒါကို
မစဉ်းမစား ယုံတဲ့လူတွေကလည်း ပေါလှပါဘိကော …..။
အဓိကကတော့ ကိုယ်က အဲဒီအထဲမှာ ပါမသွားဖို့ပါဘဲ ။ အပြုသဘောနဲ့ ဝေဖန်ကြမယ် ၊
သူ့လုပ်တာကို သေချာလေ့လာ ၊ သူပြောတဲ့ အဓိပ္ပါယ်တွေကို
သေချာစဉ်းစားဆင်ခြင်သုံးသပ်ပြီး ပြောဆိုကြမယ်ဆိုရင်ဖြင့် တိုင်းပြည်အတွက်
အကောင်းဆုံး ဖြစ်မှာပါဘဲလေ ။မကိုးကွယ်ပါနဲ့ ။ ခေါင်းဆောင်ကောင်းရဲ့ တန်ဖိုးကိုတော့ သိပါ ။
MYANMAR HUB ။
No comments:
Post a Comment