ကြံ့ခိုင်ရေးပါတီ ညီလာခံ ဘာတွေ ထူးခြားသလဲ

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြံ့ခိုင်ရေးပါတီ ညီလာခံ အောင်အောင်မြင်မြင်နဲ့ ကျင်းပ ပြီးစီးသွားခဲ့ပါပြီ။ ဒီညီလာခံမှာ နိုင်ငံရေးပါတီ အလုပ်လုပ်ခွင့်မရှိတဲ့ သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ အဖြစ် ပြန်ပြီး ရွေးကောက်တင်မြှောက်တာ။ ဗဟိုကော်မတီ၊ အရန်ဗဟိုကော်မတီ ဦးရေ တိုးချဲ့တာ။ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ် ဖွဲ့စည်းပုံတွေကို ဥက္ကဋ္ဌစနစ်နဲ့ သွားဖို့ ပါတီ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်တာ စတာတွေကို လုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျင်းပပြီးစီးသွားခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ ညီလာခံဟာ ပြည်သူတွေအတွက် တိုင်းပြည်အတွက် ဘာတွေ ထူးခြားသလဲ၊ ရှေ့လျှောက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ဆွေးနွေးချင်တာကတော့ ပါတီညီလာခံ ကျင်းပပုံပါ။ အခုနှစ်ထဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကနေ ပါတီကို ပြည်သူ့ပါတီအဖြစ် အသွင်ပြောင်းမယ်၊ ဒီအတွက် အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာတွေကနေ အစပြုပြီး ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်ပွဲတွေလုပ်မယ်၊ ဒီရွေးချယ်တင်မြှောက်ပွဲ ရလဒ်တွေကနေတဆင့် ညီလာခံတွေ အဆင့်ဆင့် ကျင်းပမယ်၊ ဒီ ညီလာခံကနေ ဗဟိုကော်မတီလို ခေါင်းဆောင်ပိုင်းကအစ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ပြီး ဗဟိုဦးစီးတဲ့ ပါတီ အဖြစ်ကနေ ပါတီဝင်အဆင့်ဆင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသူတွေက ခေါင်းဆောင်တဲ့ ဒီမိုကေရစီပါတီအဖြစ် အသွင်ကူးပြောင်းမယ်ဆိုပြီး ကြေလည်းကြေညာ၊ လုပ်ငန်းစဉ်တွေ စလည်း စတင်ခဲ့ပါတယ်။
ထူးခြားချက်ကတော့ အဲဒီအချိန်က ဗဟိုတာဝန်ရှိသူ ဦးအောင်သိန်းလင်းက သူတို့ပါတီလည်း အောက်ခြေ
ရပ်/ကျေး ကအစ ဒီမိုကရေစီနည်းကျ အသစ်ပြန်ဖွဲ့ မယ်၊ ရွေးကောက်တင်မြှောက်ပွဲတွေ အဆင့်ဆင့်လုပ်ပြီး နောက်ဆုံး ပြည်လုံးကျွတ် ပါတီညီလာခံကြီး ကျင်းပမယ် ဆိုပြီး ပြောခဲ့ပါသေးတယ်။ သူက သူတို့ ကြံ့ခိုင်ရေးပါတီဟာလည်း ဗဟိုချုပ်ကိုင်တဲ့ ပါတီကနေ ပြည်သူ့ပါတီအဖြစ် ပြောင်းမယ်ဆိုပြီး ပြောခဲ့တာပါ။ ဒါပေမယ့် အဲဒီ အစီအစဉ် တခုမှ မဖြစ်မြောက်ခဲ့ပါဘူး။ ပါတီဝင်တွေကနေ ဒီမိုကရေစီနည်းကျ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲတွေ မလုပ်နိုင်ခဲ့ဘဲ ဗဟိုဦးစီးစနစ်နဲ့ ညီလာခံ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ညီလာခံနဲ့ပတ်သက်ပြီး ပြည်သူတွေ စိတ်ဝင်စားတာက ပါတီနိုင်ငံရေး လုပ်ခွင့်မရှိတဲ့ သမ္မတကို ဥက္ကဌနေရာ ပြန်ရွေးချယ်လိုက်တာပါ။ ဒါနဲ့ ပတ်သက်လို့ ထွက်ပေါ်လာတဲ့ အတွင်းသတင်းတွေအရ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို ထောက်ခံသူနဲ့ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံသူတွေအကြား သဘောထား မတူညီမှုတွေ ရှိခဲ့တယ်၊ တကယ်လို့ ဥက္ကဋ္ဌ အသစ်သာ ပြန်လည်ရွေးကောက်တင်မြှောက်ရင် သူရဦးရွှေမန်း ဥက္ကဋ္ဌ ရာထူးရပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ရာထူး မျှော်မှန်းနိုင်မယ် ဆိုပေမယ့် ဦးသိန်းစိန်ကိုပဲ ဥက္ကဋ္ဌတာဝန်ဆက်ပေးလိုက်သလို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ကလည်း ပြည်သူတွေက တောင်းဆိုရင် နောက်ထပ် သမ္မတ သက်တမ်းကိုလည်း ဆက်ပြီး ထမ်းဆောင်ဦးမယ် ပြောထားတဲ့အတွက် သူရဦးရွှေမန်းရဲ့ နောင် သမ္မတဖြစ်ရေး စိတ်ကူးအိပ်မက် ပျက်ပြယ်သွားစေတဲ့ ညီလာခံလို့လည်း ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေဟာ ဒီညီလာခံမှာ အတိုင်ပင်ခံအဖွဲ့ ၃ ယောက်၊ အကြံပေးအဖွဲ့ ၆ ယောက် အပါအဝင် ဗဟိုကော်မတီကို ၂၂၇ ယောက်အထိ တိုးချဲ့ဖွဲ့စည်းလိုက်တာ တွေ့ရပါတယ်။ ဒါတင်မက အရန်ဗဟိုကော်မတီ ဆိုပြီး ၇၃ ယောက်အထိ ဖွဲ့စည်းလိုက်ပါတယ်။ ပြောရရင် လက်ရှိ အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေ အားလုံး၊ လွှတ်တော် တာဝန်ရှိသူအားလုံး အရင် စစ်အစိုးရအဖွဲ့က ကျန်နေရစ်တဲ့ စစ်ခေါင်းဆောင်တွေ အားလုံး တယောက်မှ မကျန်ရစ်အောင် ခေါင်းဆောင်မှု အပိုင်းကို အရေအတွက်အရ တိုးချဲ့ လိုက်တာပါ။ ဒီလို ရာထူးတွေ ဖောဖောသီသီ ပေးလိုက်တဲ့အတွက် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း စည်းလုံးညီညွတ်ရေး တည်ဆောက်တယ်ဆိုရင်လည်း မမှားပါဘူး။
နောက်တခု ထူးခြားတာကတော့ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်း ပါတီ ဖွဲ့စည်းပုံကို အရင် အတွင်းရေးမှူး စနစ်ကနေ ဥက္ကဋ္ဌ စနစ်ပြောင်းလိုက်တာပါ။ ဥက္ကဋ္ဌ စနစ်ပြောင်းတာဟာ ပြဿနာ မရှိပေမယ့် လက်ရှိ ပြည်နယ် နဲ့ တိုင်းအဆင့် ဝန်ကြီးချုပ် ၆ ယောက်ကို ပါတီ ဥက္ကဋ္ဌ ရာထူးတွေ ပေးလိုက်တာပါ။ ဒီလိုနည်းနဲ့ ကြံ့ခိုင်ရေးပါတီဟာ ထိပ်ပိုင်းကအစ အောက်ခြေအထိ အစိုးရအဖွဲ့နဲ့ ပါတီ တထပ်တည်းကျအောင် တယောက်တည်းကိုပဲ တာဝန်ပေးတဲ့ သဘောလို့ ယူဆရပါတယ်။ ဒီလိုနည်းနဲ့ သမ္မတကအစ အောက်ပိုင်း တာဝန်ရှိသူအဆင့်ဆင့်ဟာ အစိုးရတာဝန်ထမ်းဆောင်ရင်း ပါတီ အကျိုးစီးပွားကိုပါ ဆက်ပြီး လုပ်ကိုင်သွားမယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မလိုတော့ပါဘူး။
ပြောရရင် လက်ရှိ ကျင်းပပြီးစီးသွားတဲ့ ကြံ့ခိုင်ရေးပါတီညီလာခံ ဆိုတာဟာ ပြည်သူ့ပါတီ ဖြစ်လာအောင် ကြိုးစားတာမျိုး မဟုတ်သလို ပြည်သူတွေဘက် မျက်နှာမူပြီး ပြည်သူ့အကျိုး ဘယ်လို ဆောင်ရွက်မယ်ဆိုပြီး တိုင်းသိပြည်ကြား ကတိပေးတဲ့ ညီလာခံလည်း မဟုတ်ခဲ့ပါဘူး။ ပါတီ ထိပ်ပိုင်းကို အရေအတွက်များအောင် လုပ်ရင်း အစိုးရအဖွဲ့၊ ဥပဒေပြုရေးအဖွဲ့နဲ့ ပါတီကိစ္စတွေ ရောပြွမ်းတာဝန်ပေးတဲ့ အငြင်းပွားစရာ ညီလာခံ တခုသာဖြစ်ခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

MYANMAR NEW HUB ။

No comments:

Post a Comment