လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာ ဆုံရပ်အဖြစ် မန္တလေး လေဆိပ်ကို ဆောင်ရွက်မည်

အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဒေသတွင်း နိုင်ငံများ အကြား လေကြောင်း ကုန်စည်စီးဆင်းရာ အဓိက လေဆိပ်ကြီး အဖြစ် ဆောင်ရွက်သွား ရန်နှင့်  လေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ်ရာဆုံရပ် (Aviation and Logistics Hub) တစ်ခုအဖြစ် ရောက်ရှိစေရန် ပုဂ္ဂလိက အခန်းကဏ္ဍ ကိုပါ ပါဝင်ဆောင်ရွက် ခွင့်ပြုသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။ပထဝီ အနေအထားအရ အချက်အချာကျသော မန္တလေးလေဆိပ်ကို အပိုင်း ခြောက်ပိုင်းခွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပုဂ္ဂလိက ပါဝင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားသည်။ အကြို အရည်အချင်း စစ်ဆေးခြင်း အတွက် ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူထားပြီး တစ်လအတွင်း တင်သွင်းရမည် ဖြစ်သည်။လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက “ပုဂ္ဂလိကကဏ္ဍ ပါဝင်ဖို့အတွက် မန္တလေးလေဆိပ်ကို ပြည်တွင်း ဦးစားပေးမယ်။ နိုင်ငံခြားနဲ့လည်း ဖက်စပ်လုပ်နိုင်တယ်။ဒီလုပ်ငန်းတွေက ငွေကြေး ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊စီမံခန့်ခွဲမှုတွေလိုအပ်တယ်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေအရပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
စိစစ်ရေး အဖွဲ့သုံးဖွဲ့နဲ့ စိစစ်ရွေးချယ်သွားမှာ ဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သတ်မှတ်ချက်နဲ့ ညီညွတ်တာကို ခေါ်ယူမှာ ဖြစ်ပါတယ်။တင်ဒါအောင်တဲ့ အဖွဲ့က ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှာ လုပ်ငန်း စတင် ဆောင်ရွက်ရမယ်။ ပြည်တွင်းကို ဦးစားပေးပေမယ့် ပြည်ပနဲ့လည်း ပူးပေါင်းဖို့ လိုပါတယ်။ ဒါမှ Market ခေါ်နိုင်မှာပါ” ဟု ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် စာတမ်း တင်သွင်းခဲ့သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့် အာရှဒေသတွင်း နိုင်ငံများသို့
ကုန်စည် ကူးသန်း ပို့ဆောင်ရာတွင် အဓိက အချက်အချာ ဆုံရပ်တစ်ခုဖြစ်ပြီး ဧရိယာ အကျယ်အဝန်းအားဖြင့် ၂၇၅၄၄ ဒသမ ၇၄  ဧက ရှိသည်။ လေယာဉ် ပြေးလမ်းမှာလည်း ပေ ၁၄၀၀၀ ရှည်ကာ ကမ္ဘာ့အရှည်ဆုံး လေယာဉ်ပြေးလမ်းများတွင် ပါဝင်နေသည်။
လေယာဉ် ရပ်နားနိုင်သည့် ဧရိယာအကျယ်မှာ ပေ ၂၀၀၀x၈၀၀ ပေ ဖြစ်သည်။ လက်ရှိ လေဆိပ် လုပ်ငန်းများကို ၃၆၈၂ ဧကပေါ်တွင် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး လေဆိပ်လုပ်ငန်းများ၊ လေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ၊ လေကြောင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို ယင်းဧရိယာအတွင်း ပုဂ္ဂလိကကဏ္ဍပါ ပါဝင်ဆောင်ရွက်ခွင့်ပြုမည် ဖြစ်သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးက ၁၉၉၆ ခုနှစ်မတ်လ ၁၇ ရက်တွင် Country Project အနေဖြင့် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြည်မြန်မာ သတင်းဂျာနယ် ။

No comments:

Post a Comment