ရှေ့နေများ ဆန္ဒထုတ်ဖော်

တရားရုံးချုပ်အဆောက်အဦကို ဟိုတယ်ဖွင့်လှစ်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြတိုက်အဖြစ်ပြုလုပ်ရန် ပုဂ္ဂလိကသို့ ငှားရမ်းခြင်းတို့အား မကျေနပ်သဖြင့် ရှေ့နေများကွန်ရက်ဦးဆောင်၍
ရှေ့နေအင်အား ၂၀၀ နီးပါးက အောက်တိုဘာ ၁၇ ရက်တွင် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ကာ ကန့်ကွက်ဆန္ဒပြခဲ့သည်။
“ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦများ ဥပဒေနှင့်အညီ ကာကွယ်ထား”၊ “တရားရုံးအဆောက်အဦများ အငှားချမစားပါနှင့်”၊ “တိုးမြှင့်တံဆိပ်ခေါင်းခွန
် ရုံးခွန်နှုန်းထား ပြည်သူများမလိုလား၊ “အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းကာကွယ်ရေး ဒို့အရေး” စသည့် ကြေညာချက်စာတမ်းများ ကိုင်ဆောင်ထားသော ရှေ့နေအင်အား နှစ်ရာနီးပါးသည် မဟာဗန္ဓုလပန်းခြံလမ်းရှိ တရားလွှတ်တော် အဆောက်အဦရှေ့မှ ကုန်သည်လမ်းရှိ ရန်ကုန်တိုင်း စုပေါင်းတရားရုံးထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အဆောက်အဦနှစ်ခုအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းမပြုရန် ဇူလိုင်လကတည်းက နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံစာ တင်ပြခဲ့သည်။ သို့သော် သြဂုတ်လကုန်မှစကာ တရားရုံးချုပ်အဆောက်အဦကို အကာအရံအတားများ ကာရံထားလိုက်ပြီး တရားရုံးများကို ဝေးလံသော နေရာများသို့ ရွှေ့ပြောင်းလိုက်ခြင်း၊ မေတ္တာရပ်ခံစာ တင်ပြထားသော်လည်း အကြောင်းမထူးခြင်းတို့ကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ရှေ့နေများကွန်ရက်များ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။
“ဒီတရားရုံးချုပ် အဆောက်အဦက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင်ကတည်းက ရှိခဲ့တဲ့၊ လက်ရှိလည်း တရားစီရင်နေတဲ့ တရားရုံးကြီးပါ။ ဒါကို ဟိုတယ်ဖွင့်ဖို့ ဘယ်သူကဆုံးဖြတ်တာလဲ၊ ဘယ်သူကပေးတာလဲ၊ ကျွန်တော်တို့တရားရေးက ပုဂ္ဂိုလ်တွေပါနေတာ တကယ်သိချင်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ဦးကိုနီကပြောသည်။
ယခုဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦနှစ်ခု ပုဂ္ဂလိကပိုင် မပြုလုပ်ရေးအပြင် အဆတစ်ရာနီးပါး တိုးမြှင့်လိုက်သည့် ရုံးခွန်တံဆိပ်ခေါင်းခွန်နှုန်းထားများ လျှော့ချရေးကိုလည်း ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်


7day News ။

No comments:

Post a Comment