မြန်မာ ကစားသမားများ၏ ကစားပုံ ပရိသတ်များ မကြိုက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နေသော ဆူဇူကီး ဖလား ခြေစစ်ပွဲ၏ အုပ်စု နောက်ဆုံး ပွဲစဉ် တစ်ခုဖြစ်သော မြန်မာအသင်းနှင့် လာအို အသင်းတို့၏ ပွဲတွင် ကစားသမား အချို့၏ ကစားပုံ စနစ် မကျခြင်း၊ အပင်ပန်းခံ ကြိုးစား အားထုတ်မှု နည်းပါးခြင်းနှင့် နည်းပြ ဖြစ်သူ၏ လူစားလဲမှု အပေါ် မကျေနပ်ခြင်း များကြောင့် မြန်မာ ပရိသတ်များမှာ လာအိုအသင်းသို့ ပြောင်းလဲ အားပေးခဲ့ကြောင်း အဆိုပါပွဲသို့ သွားရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။
"ဒီနေ့ပွဲက ခက်ခဲတဲ့ ပွဲတစ်ခုပါ။ ရာသီဥတုကလဲ အရမ်းပူပါတယ်။ဒီအတွက် ကစားသမားတွေ ထင်သလောက် မကစားနိုင်တာကို ပရိသတ်တွေ နားလည်ပေးစေ ချင်ပါတယ်"ဟု မြန်မာနည်းပြ ပတ်ဆောင်ဟွာက ဆိုသည်။
ယနေ့ မြန်မာအသင်းနှင့် ကစားခဲ့သော အုပ်စု နောက်ဆုံးပွဲစဉ်နှင့် ပတ်သက်၍ လာအိုအသင်း နည်းပြချုပ် ကူမာရာက "ဒီနေ့ပွဲနဲ့ ပတ်သက်လို့ ကံကောင်းတာ မကောင်းတာကို မပြောလိုတော့ပါဘူး၊ ရာသီဥတု ပူပြင်းမှု ကတော့ နှစ်သင်းလုံး ခံစားကြရတာပါပဲ။ မြန်မာ ပရိသတ်တွေက လာအို လာအိုလို့
ပွဲပြီးခါနီးမှာ ပြောင်းအားပေးတာကို တွေ့ရတဲ့ အတွက် အံ့သြ ရတာတော့ အမှန်ပါ။ မြန်မာ အသင်းအတွက်တော့ မကောင်းဘူးပေါ့"ဟု ပွဲအပြီး သုံးသပ်ချက်တွင် ထည့်သွင်းပြောကြား သွားခဲ့သည်။
ပရိတ်သတ်များ မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာပါက မိမိအသင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အသင်းသို့ပြောင်းလဲ အားပေးမှုများမှာ အခြား နိုင်ငံများတွင်လည်း ဖြစ်တက်ကြောင်းနှင့် မြန်မာအသင်း၏ ကစားသမား အချို့တွင် နည်းပညာပိုင်းနှင့် သက်လုံပိုင်းတို့၌ အားနည်းမှုများ ရှိနေသေးကြောင်း မြန်မာအသင်း နည်းပြချုပ်က ပြောကြားသည်။
မြန်မာအသင်း အနေဖြင့် လာအိုအသင်းကို သရေကစားခဲ့သည့် အတွက် သုံးပွဲနိုင် တစ်ပွဲသရေ ရမှတ် ၁ဝ မှတ်ဖြင့် အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်သောကြောင့် ထိုင်းနိုင်ငံ ကအိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် ဆူဇူကီးဖလား အုပ်စုပွဲစဉ် (က)တွင် ထိုင်း၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအသင်းနှင့် လာအိုအသင်းတို့ ၏ ပွဲစဉ်ကို ထိုင်းအသင်း နည်းပြချုပ် ရှက်ဖာနှင့် အဖွဲ့က လာရောက်ကြည့်ရှုခဲ့ကြသည်။

The Voice Weeky ။

No comments:

Post a Comment