လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်တန့်ဖို့ ပြည်သူ့ညီလာခံက တောင်းဆို

မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ခွင့်ရ ကုမ္ပဏီနဲ့ ဒေသခံတွေကြား စီမံကိန်း ရပ်တန့်ဖို့ ကိစ္စ အငြင်းပွား နေချိန်မှာ ဒေသခံတွေ ဘက်က လက်ပံတောင်း ပြည်သူ့ ညီလာခံ ဆိုပြီး လက်ပံတောင်း ဒေသခံတွေ ဦးဆောင်တဲ့ တွေ့ဆုံပွဲ တခုကို ကြာသပတေး နေ့က စပြီး မနက်ဖြန် အောက်တိုဘာ ၁၉ ရက်နေ့ထိ လက်ပံတောင်း တောင်ခြေက ဆည်းတည်း ရွာမှာ ကျင်းပနေပါတယ်။
ဒီပြည်သူ့ ညီလာခံမှာ ယူအန်အေ တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ဝင် ကချင်၊ ရခိုင် ကယား၊ ဇိုမီး၊ ရှမ်း၊ ကိုးကန့် စတဲ့ တိုင်းရင်းသား အဖွဲ့တွေ ကျောင်းသား အရေးနဲ့ အလုပ် သမား လယ်သမား အရေး လုပ်ဆောင်တဲ့ အဖွဲ့ ၃၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဒေသခံ အင်အား စုစုပေါင်း ၁ သောင်းကျော် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ညီလာခံမှာ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို လုံးဝ ဖျက်သိမ်းဖို့ ၊ ရခိုင်ပြည်နယ်မှာ ၁၈၂၄ ခုနှစ် မတိုင်ခင် ရောက်ရှိခဲ့တဲ့ ဘင်္ဂ္လီ လူမျိုးများကို နိုင်ငံသား အဖြစ် သတ်မှတ် အခွင့်အရေး ပေးဖို့၊
ဒီနောက် ရောက်လာ သူတွေနဲ့ ခိုးဝင် သူတွေကို ဘင်္ဂ္လားဒေ့ရှ် သို့မဟုတ် တတိယ နိုင်ငံ တခုခုကို ပြန်ပို့ဖို့ ၊ ကချင် ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဖို့ စတဲ့ ဆုံးဖြတ်ချက် ၃ ခုကို ချမှတ် ခဲ့တယ်လို့ ညီလာခံကို တက်ရောက် ခဲ့တဲ့ မုံရွာမြို့က ကဗျာ ဆရာကြီး ဦးအံ့မောင်က ပြောပါတယ်။
ဒီညီလာခံကို ယူအန်အေ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ သဘာပတိ အဖွဲ့ဝင် အဖြစ် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးသာဘန်းလည်း တက်ရောက်ခဲ့ ပါတယ်။
မနက်ဖြန် အောက်တိုဘာ ၁၉ ရက်နေ့မှာ နယ်မြေ ဒေသတွေ အလိုက် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကိုယ်စားလှယ်တွေက ဆွေးနွေးကြမယ်လို့ လက်ပံတောင်းတောင် အရေး လုပ်ဆောင်နေတဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုဟန်ဝင်းအောင်က ပြောပြပါတယ်။
ဒီကနေ့လုပ်ခဲ့တဲ့ ညီလာခံကို ဆားလင်းကြီး အုပ်ချုပ်ရေးမှူး ကတော့ ဒီညီလာခံ ဖြစ်အောင် ဦးဆောင်သူ တွေကို ဥပဒေ အရ အရေးယူမယ် ဆိုတဲ့ အကြောင်းကြားစာ ၂ စောင် ပို့တာက လွဲပြီး လက်ရောက် ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

BBC NEWS ။

No comments:

Post a Comment