လာမည့်နွေတွင် ဖယောင်းတိုင်မီးထွန်း၍ ဆန္ဒထုတ်ဖော်ရန် မလိုတော့ဟု လျှပ်စစ်ဝန်ကြီးပြော

ပြီးခဲ့သည့် နွေရာသီက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ၍ ဖယောင်းတိုင်မီးများ ထွန်းညှိကာ ပြည်သူများ ဆန္ဒဖော်ထုတ်ခဲ့သော ရန်ကုန်မြို့တော်၌ လာမည့် နွေရာသီတွင်မူ ထိုကဲ့သို့သော အဖြစ်မျိုး ထပ်မံ မဖြစ်ပေါ်ရန် ယခုကတည်းက ကြိုတင် စီစဉ်ထားကြောင်း  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကား လေးနေရာတွင် မဂ္ဂါဝပ် ၅၀ စီရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ ပုဂ္ဂလိကမှ တည်ထောင် လုပ်ကိုင်ခြင်းဖြင့် ရန်ကုန်မြို့တော် အတွက် မဂ္ဂါဝပ် ၂၀၀ ခန့် ထောက်ပံ့နိုင်မည် ဖြစ်သည်။ ထို့အပြင် ရှိပြီးသား မဂ္ဂါဝပ် ၃၀၀ ခန့်နှင့် နယ်က ဝင်ရောက်လာမည့် ဓာတ်အားများနှင့် ပေါင်းပါက ယခင်နှစ်ကကဲ့သို့ အကျဉ်းတန်သည့် အဖြစ်မျိုး မဖြစ်နိုင်တော့ကြောင်း အဆိုပါ ဝန်ကြီးရုံး၌ ယနေ့ ကျင်းပပြုလုပ်သော လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဖိတ်ခေါ် ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ လူဦးရေ များပြားသည့်အပြင် စက်ရုံ၊ အလုပ်ရုံများလည်း ဖွံ့ဖြိုးလာသည့် ရန်ကုန်မြို့တော်အတွက် ၂၀၀၆ ခုနှစ်က လျှပ်စစ်ဓာတ်အား ၅၅၀ မဂ္ဂါဝပ်ခန့်သာ အသုံးပြုခဲ့သော်လည်း ယမန်နှစ် နွေရာသီက မဂ္ဂါဝပ် ၈၅၀ ခန့်အထိ သုံးစွဲခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အနေဖြင့် မဂ္ဂါဝပ် ၁၈၅၀ ခန့် လိုအပ်ပြီး ၁၅၅၀ ခန့်သာ ဖြန့်ဖြူးပေးနိုင်သည့်  အချိန်တွင် မဂ္ဂါဝပ် ၂၀၀ ခန့် ပို့လွှတ်နေသော ရွှေလီ-မန်ဆန် ဓာတ်အားလိုင်း မိုင်းခွဲခံလိုက်ရ၍ ဓာတ်အား ပြတ်တောက်မှု ပြဿနာ ကြီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီးက ရှင်းလင်း ပြောကြားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဓာတ်အားသုံးစွဲမှု နှစ်စဉ် ၁၅ ရာခိုင်နှုန်း
တိုးတက်လျက်ရှိသော မြန်မာနိုင်ငံ အနေဖြင့် ယမန်နှစ်က မဂ္ဂါဝပ် ၁၈၅၀ ခန့် လိုအပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ မဂ္ဂါဝပ် ၂၀၀၀ အထိ လိုအပ်လာမည်ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှု ပုံစံအရ ရေအားလျှပ်စစ်ကို အခြေခံပြီး အဓိက ထုတ်လုပ်နေသည့်အတွက် ရေခန်းသော နွေရာသီတွင် ဓာတ်အား ထုတ်လုပ်မှု လျော့ကျကြောင်း၊ ယင်းအခြေအနေများကြောင့် နွေရာသီတွင် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ စသည့် ဓာတ်အားပေး စက်ရုံများဖြင့် ဖြည့်ဆည်းနိုင်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

Teashop Talk ။

No comments:

Post a Comment