ဒုတိယအကြိမ် နိုင်ငံတကာ ICT ပြပွဲ တွင် အဆင့်မြင့် နည်းပညာ ကုမ္ပဏီများ ပါဝင်မည်

နိုင်ငံတကာ နည်းပညာ ကုမ္မဏီများ အဓိက ပါဝင် ပြသကြမည့် ဒုတိယ အကြိမ် နိုင်ငံတကာ နည်းပညာပြပွဲ ကို အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ရန်ကုန်မြို့ ၊ ဦဝိစာရလမ်းရှိ တပ်မတော် ခန်းမ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း (MCIA) မှ မီဒီယာ တာဝန်ခံ ဦးဇော်လင်း က ပြောကြားခဲ့သည်။
အဆိုပါ ပြပွဲတွင် နိုင်ငံတကာ နည်းပညာ ကုမ္ပဏီများ ကအဓိကထား ဝင်ရောက်ပြသ ရန် ဖိတ်ကြားထားပြီး အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ အစ္စရေးနှင့် စင်္ကာပူ အစရှိသော နိုင်ငံများ ပါဝင်မည် ဟုလည်း အဆိုပါပွဲနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၆ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်း မှ တာဝန်ရှိသူများက ပြောကြားသည် ။
အဆိုပါပြပွဲတွင် ပြခန်းပေါင်း ၁၂၁ ခန်း ပါဝင် ပြသမည်ဟု သိရှိရပြီး ကုန်ပစ္စည်းများ ထက် အဆင့်မြင့် နည်းပညာပိုင်းကို ဦးစားပေး ပြသသွားမည် ဟုလည်း ၄င်းတို့က ပြောကြားခဲ့ပြီး ပြည်တွင်း ပြည်ပ ဧည့်သည် သုံးသောင်းခွဲခန့် တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်းလည်း သိရှိရသည် ။
ထို့အပြင် အဆိုပါပြပွဲ ကျင်းပနေစဉ် အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီ မှ ၁၂ နာရီ အတွင်း တွင် ချက်ထရီယံ ဟိုတယ်၌ နိုင်ငံတကာ လုပ်ငန်းရှင်များနှင့် ပြည်တွင်း လုပ်ငန်းရှင်များအတွက် သီးသန့်
စီးပွားရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲအတွက် သီးသန့် လွှင့်တင်ထားသော တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည် ။
အဆိုပါပြပွဲဖွင့်ပွဲသို့ ဂျပန်နိုင်ငံတွင် အခြေစိုက်ပြီး အာရှ-ပစိဖိတ် ဒေသတွင်းရှိ အကြီးဆုံး နိုင်ငံတကာ ကွန်ပျူတာ နည်းပညာ ဆိုင်ရာ အသင်းကြီးဖြစ်သော ASOCIO ( Asia-Oceanian Computing Industry Organization ) မှ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ လာရောက်မည်ဟု အဆိုပါ အသင်းက သတင်းထုတ်ပြန်ထားပြီး ရန်ကုန်မြို့တွင် လေးရက်ကြာ နေထိုင်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် အခွင့်အလမ်းများကို လေ့လာ ဆွေးနွေးသွားမည်ဟုလည်း သိရှိ ရသည်။
၁၉၉၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် သည် နည်းပညာပြပွဲများကို တစ်နှစ်လျှင် လေးကြိမ်ခန့် ပုံမှန် ကျင်းပလေ့ရှိပြီး နိုင်ငံတကာ နည်းပညာပြပွဲကို မူ ယမန်နှစ်က စတင် ကျင်းပခဲ့ရာ ယခုအကြိမ်သည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။


The Voice Weekly ။

No comments:

Post a Comment