တရုတ်နိုင်ငံသား ၁၃ ဦးအားသတ်ဖြတ်မှု မူးယစ်ရာဇာ နော်ခမ်းငြင်းဆို

၂၀၇က်နေ့ စက်တင်ဘာ ၂၀၁၂  — လွန်ခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော နှစ်စင်းအား ပစ်ခတ် တိုက်ခိုက်မှုနှင့် တရုတ်နိုင်ငံသား ၁၃ ဦးအား သတ်ဖြတ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ ရုံးတင် စစ်ဆေးခံနေရသော မူးယစ်ရာဇာ နော်ခမ်း က ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှုအားစီစဉ်ခဲ့ခြင်း မရှိကြောင်း ငြင်းချက် ထွက်ဆိုလိုက်သည်။ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် စွပ်စွဲခံရသူ ခြောက်ဦးအနက်
ခေါင်းဆောင် နော်ခမ်းက ထိုသို့ငြင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ရေးသားပါရှိသည်။“အဲဒီအချိန်တုန်းက အဲဒီအကြောင်းကို ကျနော် မသိပါဘူး။ သူတို့ ကျနော့်ကို မပြောပါဘူး။ နောက်ကျမှသာ ကျနော် သိရတာပါ” ဟု နော်ခမ်း က ထွက်ဆိုခဲ့သည်။
ရုံးမထုတ်မီက မီဒီယာများနှင့် တွေ့ဆုံစဉ်က ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဝန်ခံ ပြောဆိုခဲ့သော်လည်း တရားရုံးတွင်မှုပြောင်းပြန် ထွက်ဆိုလိုက်ခြင်း ဖြစ်သည်။၎င်းတို့ ခြောက်ဦးအား နိုင်ငံတကာ လူသတ်မှု၊ မူယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှုနှင့် သင်္ဘော အပိုင်စီးမှုတို့ဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က မြန်မာ-လာအိုနှင့်ထိုင် သုံးနိုင်ငံ ဆုံသည့် ရွှေတြိဂံ နယ်မြေရှိ မဲခေါင်မြစ်ပေါ် တွင် တရုတ်အလံတင် သင်္ဘော နှစ်စင်းအား ထိုင်း ပါမောင်း အထူးတပ်ဖွဲ့မှ ရပ်တန့်စေရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုအတွင်း သင်္ဘောပေါ်ပါ တဦး သေဆုံးခဲ့သော်လည်း
တရုတ်နိုင်ငံသား ၁၃ ဦး၏ အလောင်း များကို မြစ်အတွင်းမှ ဆည်ယူရရှိခဲ့သည်။
ထိုင်းအထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးချုပ် ပရာခန် ချွန်လာယွတ် Prakarn Chonlayuth ၏ အဆိုအရ အဆိုပါ သင်္ဘောနှစ်စင်းမှာ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး ပြန်ပေးအဖွဲ့မှာ ရှမ်းလူမျိုး နော်ခမ်း ဦးစီးသော ဂိုဏ်းဖြစ်နိုင်ကြောင်း “အဲဒီဂိုဏ်းကမြစ်ပေါ်မှာ သွားလာနေတဲ့ သင်္ဘောတွေကို ပြန်ပေးဆွဲလေ့ရှိပြီး ဆက်ကြေးတောင်းတယ်။ မပေးရင် သင်္ဘောသားတွေကို သတ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံထဲ သွင်းဖို့ လှေကို ယူကြတယ်” ဟု ထိုစဉ်က ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားပါရှိသည်။နောက်ပိုင်းတွင် ထိုတိုက်ခိုက် သတ်ဖြတ်မှုနှင့် ဆက်စပ်နေသူ ပါမောင်း အထူးတပ်ဖွဲ့ဝင် အရာရှိ ကိုးဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။
သေဆုံးသူ တရုတ်များမှာ ‘Hua Ping’ နှင့်  ‘Yu Xing 8 Hao’ အမည်ရှိ တရုတ်သင်္ဘော နှစ်စီးမှ ဖြစ်ပြီး Hua Ping ပေါ်မှ စိတ်ကြွဆေး ၅၂ဝ,ဝဝဝ ပြားနှင့် Yu Xing 8 Hao မှ ၄ဝဝ,ဝဝဝ ပြား မိခဲ့ခြင်းဖြစ်သည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဘတ်ငွေ သန်း ၁ဝဝ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီး မဲခေါင်မြစ်ကြောင်းအတွင်း သွားလာမှုကို လုံခြုံရေး နှစ်လကျော်ကြာ ရပ်နားထားခဲ့ရသည်။မြန်မာစစ်တပ်အရာရှိကြီးများနှင့် နီးစပ်သူ စိုင်းနော်ခမ်းသည် ဘိန်းဘုရင် ခွန်ဆာ၏ MTA အဖွဲ့တွင် အုပ်ချုပ်ရေး အရာရှိတဦး ဖြစ်ခဲ့ဖူးကာ ခွန်ဆာ လက်နက်ချသွားပြီးနောက် တာချီလိတ်မြို့တွင် နေထိုင်ခဲ့သေးသည်။၂ဝဝ၆ ခုနှစ်တွင် လက်နက်နှင့် စိတ်ကြွဆေးပြား သန်းနှင့်ချီ တွေ့ပြီးနောက် တာချီလိတ်တွင် မနေတော့ဘဲ မဲခေါင်မြစ် တွင်း သင်္ဘောများထံမှ ဆက်ကြေးကောက်နေကြောင်း ဒေသခံများနှင့် လေ့လာသူများက ပြောသည်။
နော်ခမ်းနှင့်အတူ ငါးဦးအား ယခုနှစ်အစောပိုင်းက တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံ ပူးတွဲစစ်ဆင်ရေးဖြင့် ဧပြီလ ၂၅ ရက်နေ့က လာအိုနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ မေလ ၁ဝ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ သည်။မဲခေါင်မြစ်အတွင်း လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပီကင်းမြို့တော်တွင် မြန်မာပြည်ထဲရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို တက်ရောက်သည့် တရုတ်၊ လာအို၊ ထိုင်း၊ လေးနိုင်ငံ အစည်းအဝေးမှ ၂ဝ၁၁ ခုနှစ်၊
အောက်တိုဘာ ၃၁ တွင် သဘောတူခဲ့ကြသည်။မိုင်ပေါင်း ၃,၁ဝဝ ကျော် ရှည်လျားသည့် မဲခေါင်မြစ်သည် တရုတ်ပြည်နှင့် လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ရေကြောင်း ကုန်သွယ်မှုတွင် အရေးပါသော မြစ်တစင်း ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

No comments:

Post a Comment