မန္တလေးမြို့ သေဆုံးခြင်း သီချင်းနဲ့ ပတ်သက်ပြီး လင်းလင်း ရဲ့ ဖွင့်ဟချက်

၈၈ မျိုးဆက် ရန်ပုံငွေပွဲမှာ အနုပညာ သမားတွေရဲ့ ရပိုင်ခွင့်တွေ အတွက် လက်မှတ် ရေးထိုးပေးခဲ့တဲ့ လင်းလင်း အကြောင်းကို ပြီးခဲ့တဲ့ အပတ် ပေါ်ပြူလာ မှာဖော်ပြခဲ့ ပါတယ်။ အဲဒီပွဲမှာ ရရှိတဲ့ အနုပညာကြေး ၄ သိန်း ဆိုတာဟာ နောက်ပိုင်းမှာ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာ လင်းလင်းကို ဆက်လက်ပြီး မေးမြန်းတဲ့ အခါ အခုလို ပဲ ပြန်လည် ဖြေကြား ပါတယ်။
“၄ သိန်းဆိုတဲ့ ပမာဏ တစ်ခုက တစ်သမတ်တည်းတော့ မဖြစ်နိုင်ပါဘူး။ အခြေခံ အနေနဲ့ ဆိုရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီပမာဏချည်း ပဲပေးရမယ် ဆိုတာက မဖြစ်နိုင်ဘူး။ တစ်ဦးချင်းစီ ရဲ့အနုပညာဟာ ကွာသလို တစ်ဦးချင်းစီရဲ့ အနုပညာ ခံယူချက်ကလည်း တူမှာမဟုတ်ဘူး။ အနုပညာ အပေါ် တန်ဖိုး ထားပြီး ရလိုမှုလည်း ကွာသေးတယ်။ အမျိုးမျိုး ရှိတယ်ပေါ့။ တစ်မျိုးက ကွာလတီ ထိန်းတဲ့ အနုပညာသမား၊ တစ်မျိုးက ပေါ်ပင်လိုက်တဲ့ အနုပညာသမား၊ အဲဒီမှာတော့ ကွာသွားတာ ပေါ့။ ကွာလတီ ထိန်းတဲ့ အနုပညာသမားက ရိုက်ကူးရေး ပါရေး၊ မပါရေးဟာ သူ့အတွက် အရေးမကြီးဘူး။ သူ့အနုပညာကို တန်ဖိုးထားပြီး လာပေးတာမျိုးကိုပဲ လိုချင်တယ်။ လိုချင်တဲ့ အခါ သူ့ပမာဏက ၄ သိန်းလည်း ဖြစ်မယ်၊ ၅ သိန်းလည်း ဖြစ်မယ်၊ ၁ဝ သိန်းလည်း ဖြစ်ချင် ဖြစ်မယ်၊ အလကား ပေးတာမျိုးလည်း ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဒါက ကွာလတီ ထိန်းတဲ့ အနုပညာသမား။ ပေါ်ပင်လိုက်တဲ့ သူတွေကျတော့ ၄ သိန်းလည်း အရေးမကြီးဘူး။ ၃ သိန်း လည်း အရေးမကြီးဘူး။ ရုပ်သံမှာ များများ ပါ နိုင် ဖို့၊ ပြည်သူရှေ့မှာ များများ
ထွက်ပြနိုင်ဖို့ပဲ အဲဒီလိုမျိုးတော့ ကွဲသွားလိမ့်မယ်။ ဒီ ၄ သိန်း ဆိုတာကြီးက တစ်သမတ် တည်းတော့ မဖြစ်နိုင်ပါဘူး။ အခြေခံ သဘောလောက် ဆိုရင် တော့  ဖြစ်နိုင်ပါတယ်” လို့ လင်းလင်းက ပွင့် လင်းစွာပဲပြောလာပါတယ်။
အဲဒီနေ့ ပွဲမှာလည်း သီဆိုခဲ့ပြီး ပရဟိတ ပွဲတော်တော် များများမှာလည်း လင်းလင်း သီဆိုဖြစ်လေ့ရှိတဲ့ သီချင်းတစ်ပုဒ် အကြောင်း ကိုလည်း ဆက်လက် မေးမြန်းဖြစ်ခဲ့ ပါတယ်။ အဲဒီ သီချင်းကတော့ “မန္တလေးမြို့ သေဆုံးခြင်း” သီချင်းဖြစ်ပြီး လင်းလင်းက သူ မန္တလေးကို ပြန်တိုင်း ခံစားမိတဲ့ ခံစားမှုကို အရှိ အတိုင်း စိတ်ကို လွှတ်ချပြီး ဖွဲ့နွဲ့ထားတဲ့ သီချင်းသစ် တစ်ပုဒ် ဖြစ်သလို ပရိသတ်တွေလည်း လက်ခံ ခဲ့ကြပါတယ်။
“ပြောင်းလဲ တိုးတက်သွားတဲ့နောက်ကို မန္တလေး မြို့ကြီးပါသွားတာ ပဲရှိတယ်။ မန္တလေး မှာနေတဲ့ မြန်မာလူမျိုးတွေ ပါသွားတာ မရှိဘူး။ ဒီသီချင်းကလည်း ဘယ်သူ့ကို မှ တိုက်ခိုက်ထိပါးလိုခြင်း မရှိဘူး။ ကိုယ်ခံစားရတဲ့ ခံစားမှုနဲ့ အမြင်ကို ရိုးရိုးသားသား ရေးဖွဲ့တာပါ။ သူငယ်ချင်းတွေ ကလည်း မန္တလေးနဲ့ ပတ်သက်တဲ့ သီချင်းလုပ်ပါဦး လို့ ဆိုပြီး မန္တ လေးမြို့ရဲ့ အလှအပတွေကို ဖွဲ့နွဲ့ပြီး ရေးစေ ချင်ကြတယ်။ အဲဒီလိုရေးမယ် ဆိုလိုက်တိုင်း တစ်လုံးမှ ထွက်မလာဘူး။ အဲဒါနဲ့ စိတ်ကို ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ချ လိုက်ပြီး ရေးချင်တဲ့ စကားလုံး အတိုင်း အကုန်လုံးကို ခံစားမှု နောက်လိုက်ပြီး အကုန်ချ ရေးလိုက်တာနဲ့ ဒီသီချင်းလေး ဖြစ်လာတာပါ” လို့ဖြေကြားတဲ့ လင်းလင်း က အဲဒီသီချင်း ကို လွန်ခဲ့တဲ့တစ်နှစ် ကျော်က Park Royal မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ စတင် သီဆိုခဲ့ပါ တယ်။
“ပွဲမှာ လာမယ့်သူ တွေကလည်း အနယ်နယ် အရပ်ရပ် မှာရှိတဲ့ ကိုယ့်တိုင်း ပြည်ထဲက လယ်သမားကြီးတွေ ဖြစ်တဲ့အတွက်  ကိုယ့်ရဲ့မြေနဲ့ ပတ်သက်တဲ့ သီချင်း မျိုးလေးဖြစ်တဲ့ မန္တလေး သီချင်းကို စဆိုဖြစ်တာ။ အဲဒီသီချင်း စဆိုတုန်းက အပိတ် မှာ နိုင်ငံတော်သီချင်း တီးလုံး တီးဖို့ စဉ်းစားထားတာ မရှိဘူး။ ဆိုနေရင်းနဲ့မှ သူ့အလိုလို လက်ကွက်တွေက နိုင်ငံတော် သီချင်းတီးလုံး တီးဖြစ်သွားတယ်။ အဲဒီသံစဉ် ကိုလည်း အစကတည်းက လက်ကွက် ရှာထား တာမဟုတ်ဘူး။ တီးရင်းနဲ့ tune ကို အလိုလို ရှာဖြစ်သွားတာ။ အဲဒါနဲ့ နောက်ပိုင်းမှာ ခံစား မှုချင်းလည်း တူတဲ့အတွက် နောက်ပွဲတွေမှာ ဆိုရင် နိုင်ငံတော် တီးလုံးကို အမြဲလိုလို တီးဖြစ် သွားတာပါ”လို့ သူ့ရဲ့ “မန္တလေးမြို့ သေဆုံးခြင်း” သီချင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာကြောင့် ဒီသီချင်းရဲ့ ပရိသတ်တွေ ကျေနပ်နိုင်လိမ့် မယ်လို့လည်း ထင်ပါတယ်။

ရဲရဲ ပေါ်ပြူလာ ။

No comments:

Post a Comment