ဂျွန်ဘမ်း၏ မြန်မာ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ

အင်္ဂလန်နှင့် လီဗာပူး ကစားသမားဟောင်း ဂျွန်ဘမ်းသည်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ရုံး အစည်းအဝေး ခန်းမတွင် မီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၊ Digicel ကုမ္ပဏီ၏ အာရှဒေသတွင်း အမှုဆောင်အရာရှိချုပ် ဗနက်ဆာ ဆလိုဝီ၊ အင်္ဂလန်နှင့် လီဗာပူး ကစားသမားဟောင်း ဂျွန်ဘမ်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် မီဒီယာများနှင့် အခြားဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ အနေဖြင့် ယခုလို Digicel ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရခြင်းကြောင့် ကျေနပ် ၀မ်းမြောက်မိသလို မိမိတို့၏ လူငယ်ကစားသမားများမှာလည်း ဘောလုံးပညာများ သင်ကြားပို့ချခံယူခဲ့ရသည့်အတွက် အနာဂတ်တွင် မြန်မာ လူငယ် များမှာ ဘောလုံး စွမ်းရည် တိုးတက်မြင့်မားလာနိုင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဆက်လက်ပြီး ဂျွန်ဘမ်းက မြန်မာနိုင်ငံမှ ယူ-၁၂ လူငယ် ကစားသမား များမှာ နာခံတတ်မှု စွမ်းရည် မြင့်မားပြီး နောင် အနာဂတ်တွင် စနစ်တကျ သင်ကြားနိုင်ပါက အောင်မြင်ထူးချွန်သူများ ဖြစ်လာနိုင်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
  ထို့အပြင် ဂျွန်ဘမ်းက ပြောကြားရာ၌ မိမိအနေဖြင့် မြန်မာ လူငယ် ကစားသမားများကို လေ့ကျင့်
သင်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း အသက် ၁၂ အရွယ်သာ ရှိသော ကလေး များအနေဖြင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သူများ ဖြစ်လာရန်အတွက်သူတို့၏ ပင်ကိုယ်စွမ်းရည်အပြင် သင်ကြားမှု အပိုင်းကလည်း မဖြစ်မနေ လိုအပ်ကြောင်း မိမိ အနေဖြင့် လေ့လာကြည့်ရာတွင် မြန်မာ ကစားသမားများ၏ ပင်ကိုယ် ဘောလုံး စွမ်းရည်နှင့် သင်ယူနာခံမှု အပိုင်းတို့မှာ ဘရာဇီးနှင့် အင်္ဂလန် နိုင်ငံများက လူငယ်များနှင့် တန်းတူရှိကြောင်း အဆိုပါ ကစားသမားများ အနေဖြင့် အနာဂတ်တွင် စနစ်တကျ သင်ယူလေ့ကျင့် ပျိုးထောင်မှုများ ပြုလုပ်နိုင်ပါက တစ်နေ့တွင် အောင်မြင်ကျော်ကြားပြီး တိုးတက်မှု အလားအလာ ရှိသော ကစားသမားများ အဖြစ်သို့ ရောက်ရှိလာမည်မှာ ဧကန်မုချဖြစ်ကြောင်း၊ မြန်မာ အပါအ၀င် အခြားသော အရှေ့တောင် အာရှက ကလေးများမှာ ပင်ကိုယ် ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ သေးကွေးသော်လည်း ကျွမ်းကျင်မှု အပိုင်းတွင် အကောင်းဆုံး ဖြစ်လာပါက မက်ဆီလို အောင်မြင်သော ကစားသမား အဖြစ်ကို ရောက်ရှိလာနိုင်ကြောင်း ဟု သုံးသပ် ပြောကြား သွားခဲ့သည်။
  ထို့အပြင် Digicel ကုမ္ပဏီမှ အာရှအမှုဆောင် အရာရှိချုပ် ဗနက်ဆာက မိမိတို့အနေဖြင့် ယခုအစီအစဉ်မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် အကျိုးတူ ပူးပေါင်းမှု ပထမခြေလှမ်းသာ ဖြစ်ကြောင်း ၊ မြန်မာ့ဘောလုံး တိုးတက်ရေးအတွက် အဖွဲ့ချုပ်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် (၃)နှစ်စာချုပ် ချုပ်ဆိုထားပြီး အခြားအစီအစဉ်များကိုလည်း ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။ 


myanmar goal ။

No comments:

Post a Comment