ပြည်ပဧည့်များ Visa Credit Card စနစ် နောင်သုံးလတွင် စတင် သုံးနိုင်တော့မည်

မြန်မာနိုင်ငံသို့ လာရောက်မည့် ပြည်ပဧည့်များ ငွေကြေး သုံးစွဲရာတွင် အဆင်ပြေစေနိုင်မည့် Visa Credit Card စနစ်ကို လာမည့် သုံးလအတွင်း စတင် အသုံးပြုနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေကြောင်း  ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ အဆိုပါစနစ် အသုံးပြုနိုင်ရန်အတွက် Visa Int'l (Asia-Pacific) LLC နှင့် Visa Worldwide Pte.Ltd. တို့မှ တာဝန်ရှိသူများက စက်တင်ဘာ ၁၃ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ကမ္ဘောဇဘဏ် (KBZ)၊ သမဝါယမဘဏ် (CB) အပါအဝင် ဘဏ်သုံးဘဏ်တို့နှင့် စတင် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံ ဆွေးနွေးထားကြောင်း သိရသည်။ အဆိုပါစနစ်နှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက "နိုင်ငံခြားသားတွေ အနေနဲ့ ငွေတွေ အများကြီး သယ်လာစရာ မလိုတော့ဘူးလေ။ သူတို့ရဲ့ ငွေကို အခုလို ကတ်နဲ့ ယူလာတော့ သူတို့အတွက်လည်း အဆင်ပြေတယ်။ ငွေအများကြီး သယ်လာရလို့ စိုးရိမ်ရတဲ့ ဒုက္ခလည်း ကင်းတယ်" ဟု ရှင်းပြသည်။ Visa Credit Card စနစ် သုံးစွဲမှုအား ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များ၏ ATM စက်များ၌ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ဒုတိယအဆင့် အနေဖြင့်
ဟိုတယ်ကြီးများ၊ နိုင်ငံခြားသား ခရီးသွားများ အများအပြား သွားရောက်သော ထင်ရှားသည့် ခရီးစဉ် ဒေသများတွင် သုံးစွဲနိုင်ရေးနှင့် နောက်ပိုင်းတွင် Mobile Point of Sale (MPOS) စနစ် သုံးစွဲနိုင်သည်အထိ တိုးချဲ့ လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။ ယခုကဲ့သို့ Visa Credit Card စနစ်အား သုံးစွဲခွင့်ရရှိပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် များစွာ အထောက်အကူ ရရှိမည်ဖြစ်၍ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုနှုန်းထား ပိုမိုမြင့်မားလာနိုင်ပြီး နိုင်ငံတော်အတွက် အကျိုးကျေးဇူး များပြားလာနိုင်ကြောင်း သိရသည်။ ယခု Visa Credit Card  စနစ်အား တစ်ကမ္ဘာလုံးနီးပါး သုံးစွဲလျက်ရှိရာ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံသာ ယင်းစနစ် အသုံးပြုရန် ကျန်ရှိနေတော့ကြောင်း သိရသည်။

Teashop Talk ။

No comments:

Post a Comment